Monday, February 14, 2011

တောရွာ ထမင်းနဲပွဲ


           

       တစ်နှစ်မှာ (၁၂) တစ်ဆယ့်နှစ်လ ရှိတယ်ဆိုတာ လူတိုင်းသိကြမည်ထင်ပါသည်။ အင်္ဂလိပ် ပြက္ခဒိန် နှင့် မြန်မာပြက္ခဒိန် မတူပုံကိုလည်း  မြန်မာလူမျိုး
အားလုံးသိရှိပြီး ဖြစ်ပါလိမ့်မည်...။မြန်မာနိုင်ငံတွင် ၁၂ လရှိသော်လည်း ဥတုအားဖြင့် သုံးမျိုး ပိုင်းခြားထား
ပါသည်။ နွေရာသီ ၊ မိုးရာသီ နှင့် ဆောင်းရာသီ လို့  ဥတုတစ်ခုကို လေးလနဲ့ ပိုင်းခြားသတ်မှတ
်ထားတာကို ကျွန်တော်တို့ ငယ်ငယ် ဒုတိယတန်း မြန်မာဖတ်စာအုပ်ထဲမှာ သင်ကြားပြီးဖြစ်လိမ့်မယ်ဆိုတာ
ယုံကြည်ပါတယ်..။       ရာသီစက်ဝန်းဟာ အမြဲမပြတ် ပြောင်းလဲ
နေလိုက်တာ ကျွန်တော်ကိုယ်တိုင် အသက် ၂၅ ကျော်လို့ ၃၀ အတွင်းမှာ ချဉ်းနင်းဝင်ရောက်လို့နေပါပြီ..။ ကျွန်တော်ငယ်ငယ်က ဖြတ်သန်းခဲ့တဲ့ အမေ့အိမ်က အကြောင်းလေးတွေကို အခုချိန်ထိ  နှလုံးသားမှာထွင်
းထုထားသလို အမာရွတ်အဖြစ်ကျန်ရှိပြီး အမှတ်တရ ရှိနေစဲပါ..။ အခုလရာသီကား  နွေကိုမောင်းထုတ် မိုးကိုဖြတ်သန်း  ဆောင်းသရုပ်ကို ပေါ်လွင်စေခဲ့တာ သုံးလကျော် လို့ တပိုတွဲလတောင် ရောက်ရှိလို့နေပါပြီ.. ။ တပိုတွဲလဆိုတာ အေးလို့ကောင်းတဲ့အချိန်ပဲရှိပါသေးတယ် ...။ ပြာသိုလ်လကုန်ပြီဆိုတာနဲ့ ကျွန်တော်တို့ရွာမှာ ရှိတဲ့ အိမ်တိုင်း တပိုတွဲလပြည့်ကို မျှော်နေတတ်ကြပါပြီ...။ကျွန်တော်တို့လို ကလေးတွေအားလုံးဟာလည်း အရမ်းကိုပျော်နေကြပြီလေ...။ လက်ပံပွင့်နီနီရဲရဲလေးတွေကို မြင်လိုက်တာနဲ့ အလိုလို တပိုတွဲဆိုတဲ့ သရုပ်ကိုပေါ်လွင်စေပါတယ်။ ကလေးတိုင်းရဲ့ပါးစပ်ဖျားမှာ လည်း လက်ပံပွင့်ချိန် ခွေးရူးချိန်လို့  အော်နေကြတဲ့အချိန်ပေါ့...။ အဲဒီအချိန်မှာ ခွေးတွေတကယ်ကိုရူးပါတယ် .... အဲဒီအတွက်  အရွယ်မရောက်သေးတဲ့ကလေးတွေ ကို မိဘများကအိမ်ထဲက အိမ်ပြင်မထွက်ဖို့ အမြဲတမ်းဆုံးမတဲ့ ကာလလည်းဖြစ်ပါတယ်။ တပိုတွဲ လဆန်းပြီဆိုတာနဲ့ တစ်ရွာလုံး သိထားကြတာကသူတို့ရဲ့ စိတ်ထဲမှာစွဲမြဲနေတာက တပိုတွဲလပြည့် နေ့မှာ ထမင်းနဲ ထိုးကြရမယ်ဆိုတာပါပဲ။ အိမ်တိုင်းနီးပါးထမင်းနဲထိုးရန်အတွက လိုအပ်သောပစ္စည်းများကို ကြိုတင်စုဆောင်းထားခြင်းပါပဲ...။ ကောက်ညှင်းဆန် ၊ အုန်းသီး ၊ မြေပဲ၊နှမ်းစတဲ့ပစ္စည်းတွေကိုသိမ်းထားကြပါတယ်....  ဒီလိုနဲ့ အားလုံး မျှော်လင့်နေတဲ့ တပိုတွဲလပြည့်နေ့ကို ရောက်ရှိလို့လာပါပြီ။မနက်စောစော မှာတော့ ရွာဦးဘုန်းကြီးကျောင်း နဲ့ ကျွန်တော်တို့ရွာရဲ့ မြောက်ဘက်ကရွာတွေမှာရှိတဲ့  ဘုန်းကြီးကျောင်းက အုန်းမော
င်း (ကုလားတက် ၊ ရွာအခေါ် တုန်း )ခေါက်သံ ကြားပြီဆိုတာနဲ့ တစ်ရွာလုံးထကြပါတယ်(မနက် ၃နာရီ ၃၀ မှာ တုန်းခေါက်တာပါ ပုံမှန်ပါပဲ)။ ကျွန်တော်အဖွားရယ် ၊ အမေရယ် ၊ ကျွန်တော့်ဦးလေး စိန်စိန်(ကိုတက်စိန်) ၊ ကျွန်တော့် ဘလေး ရယ် ၊ အစ်မ၀မ်းကွဲ တစ်ယောက်ရယ် ထပြီး လိုအပ်တဲ့အရာတွေကို ပြင်ဆင်ပါတော့တယ်...။ ကျွန်တော်သည်လည်း ကလေးတို့ ဘာသာ ဘာဝ အိပ်ရေး အရမ်းစုံမက်ပါတယ်...  ညက အိပ်လိုက်ရင် မနက်လင်းမှ နိုးတာပါ (ဆင်အော်လို့မနိုးဆိုတဲ့ )အထဲမှာ ကျွန်တော်ပါဝင်ပါတယ
...။ တစ်ခြားရက်တွေ ဘယ်လောက်ပဲ အိပ်ရေး စုံမက်ပါစေ တပိုတွဲလပြည့် ထမင်းနဲထိုးတဲ့နေ့မှာတော့ အမြဲတမ်း အစောနိုးနေလေ့ရှိပါတယ်...။ ပဲခူးဆား ခတ်တိုင်းငန် ဆိုသလိုပါပဲ ကျွန်တော်သည်လည်း ငန်ရုံသက်သက်မျှသာဖြစ်ပါသည် .... (အဲဒီပုံခိုင်းကတော့ ဘာမှ အကူအညီမရပဲ ၀င်ရောက်ရှုပ်ခြင်းကို ခိုင်းနှိုင်းခြင်းဖြစ်ပါသည်)။
ပဲခူးဆားလို့အပြောခံရမှာ ကြောက်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် အကူအညီပေးတဲ့အနေနဲ့ လူကြီးတွေ ထမင်းနဲ ထိုးတဲ့အနားမှ
ာ မီးခွက်ပြတာလိုလို ၊ မီးထိုးပေးတာ လိုလို (မီးထိုးတယ်ဆိုတာ မီးတောက်အောင် မီးဖိုထဲမှာ ထင်းထိုးပေးခြင်းကိုဆိုလိုသည်) နဲ့
ဝင်ရောက်နေရာ ယူပြတတ်ပါသည်...(အမှန်ကတော့ဖားခြင်းဖြစ်ပါသည်) ။ ကျွန်တော့် ဦးလေးနှစ်ယောက်ကတော့ ထမင်းနဲကောင်းကောင်းရရန်အတွက် ချွေးတစ်လုံးလုံးနှင့် ထိုးလိုက်ဟ ကြိတ်လိုက်ဟ နဲ့ အော်ပြီး ယောင်းမ တစ်လက်စီနဲ့ ကြိတ်နယ်နေကြပါသည်။ ကျွန်တော်အမေက စားဖိုမှူးပေါ့ မြည်းကြည့်လိုက် နဲနဲမာတယ်ဆိုရင် ရေထည့်လိုက် ၊ ဆားလေးထည့်လိုက်၊ ဆီလေးထည့် လိုက်ပေါ့ ...။ နောက်ဆုံးမှာတော့ ထမင်းနဲထဲကို အုန်းသီးကြော်တွေဖြူး ၊ နှမ်းထောင်းဖြူး ၊ ကြက်သွန်ဆီသတ်ပြီးသားထည့်(ကြက်သွန်ကြော်ကိုဆိုလိုသည်) ၊ မြေပဲထည့်ပြီး အဆုံးသတ် ထမင်းနဲကောင်းကောင်း တစ်အိုး ရရှိလို့သွားပါတယ်။     ကျွန်တော့်အဖွားကအမြဲပြောဖူးပါတယ် တပိုတွဲလပြည့်နေ့ ဟာ" သြ၀ါဒ ပါတိမောက် အခါတော်နေ့" ဖြစ်တယ်... အဲဒီနေ့ကို
ကြည်ညိုလေးစားသောအားဖြင့် ထမင်းနဲထိုးပြီး မြတ်စွာဘုရားနဲ့ မြတ်စွာဘုရားရဲ့သားတော်တွေကို ကပ်လှူပူဇော်တာဖြစ်တယ်လို့
ပြောပါတယ်...နောက်ပြီး အဲဒီနေ့ဟာ အရမ်းအေးတဲ့အတွက် မြတ်စွာဘုရားက လက်တော်ကိုမီးကင်တယ်လို့လည်းပြောပါတယ်..
အဲဒီအတွက် အဖွားက တပိုတွဲလထဲရောက်ပြီဆိုတာနဲ့ အိမ်မှာရှိတဲ့ သနပ်ခါး သားတွေကိုဓါးနဲ့ခွဲပြီး နေပူလှမ်းခိုင်း  ၊ကျွန်တော်တို့ရွာရဲ့မြောက်ဘက်က ချောင်းထဲမှာ ငွေရောင်ထနေတဲ့ ဖြူလွလွ သဲပွင့်လေးတွေကိုလည်း ကြိုပြီး ကျုံးခိုင်းထားပါသေးတယ်။
တပိုတွဲလဆန်း ၁၄ရက်နေ့ ညနေ နေ၀င်မိုးချုပ်အချိန်က စပြီး အဖွားက ပြင်ဆင်ပါတော့တယ် ...အိမ်ရဲ့ခေါင်းရင်းဘက် မန်ကျည်းပင်အောက်မှာ သေချာသန့်ရှင်းနေအောင် လှဲကျင်း နောက်ပြီး ကြိုပြီးကျုံးထားတဲ့ ဖြူလွလွ သဲတွေကိုခင်း  သဲတွေရဲ့အပေါ်မှာ ဓါးနဲ့ခြမ်းပြီးနေပူလှမ်းထားတဲ့ သနပ်ခါး အခြမ်းလေးတွေကို သေချာ စီရီသပ်ရပ်နေအောင် နှစ်ချောင်းစီ ကန့်လန့်တင်တင်သွားပါတယ် လူကြီးခါး တစ်ဝက်လောက်မြင့်ပါတယ် ...  ပြင်ဆင်ထားပြီးသားလဲပြိုမသွားရအောင် စောင်းနဲ့အုပ်ထားပါတယ်..(စောင်းဆိုလိုသည်မှာ ၀ါးကိုခြမ်းပြီးရပ်ထားသော အုပ်စောင်း အကြီးစားကိုဆိုလိုသည်)..။မနက်အာရုဏ်တက်ချိန် ဝေတီဝေလင်း အချိန်မှာ စပြီး မြတ်စွာဘုရားကိုသနပ်ခါးမီးနဲ့ပူဇော်ပါတော့တယ်..။ သနပ်ခါးသားကိုမီးရှို့တာဖြစ်တဲ့အတွက် တစ်အိမ်လုံး ပါတ်ဝန်းကျင်တစ်ခု
လုံးမှာလည်း  မွှေးပျံ့ ကြိုင်သင်းနေပါတော့တယ်...။
     အားလုံးပြီးစီးပြီဆိုတဲ့အချိန်မှာတော့ ရရှိထားတဲ့ ထမင်းနဲပွဲတွေကိုပြင်ဆင်ပြီး ကျွန်တော့် အမေက ရော့ သားကြီးမင်းက ရွာဦးဘုန်းကြီးကျောင်းနဲ့ ဟိုဘုန်းကြီးကျောင်းကိုသွားလှူ၊ သားငယ် မင်းကတော့ မင်းတို့စာသင်ခဲ့တဲ့မင်းတို့ဦးဇင်းကျောင်းနဲ့ ဘယ်ကျောင်းကိုသွား ၊ ကျွန်တော်အဖေကိုလည်း သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွေကိုသွားပြီး လှူဒါန်းခိုင်းပါတယ်...။ အဲဒီပုံရိပ်တွေကိုကျွန်တော်ဘယ်တော့မှ မေ့မည်မဟုတ်တော့ပါ...။
     အဲဒီ တပိုတွဲလပြည့်ရဲ့ ထမင်းနဲ့ထိုးပွဲနဲ့ ထမင်းနဲလှူတာရယ်၊ မြတ်စွာဘုရားကို  သနပ်ခါးမီး ပူဇော်တာတွေကိုတော့ ကျွန်တော်ဘယ်ဘ၀ ၊ ဘယ်တိုင်းပြည် ၊ ဘယ်နေရာ ဘယ်ဒေသ ကိုပဲရောက်ရောက်  ကျွန်တော်ရဲ့ နှလုံးသားထဲမှာ အမာရွတ်တစ်ခုလိုထင်
ကျန်နေမှာကတော့ အမြဲအမှန်ပင်ဖြစ်ပါတော့တယ်....။ (ကျွန်တော်ရေးတတ်လို့ ရေးခြင်းမဟုတ်ပါ ၀န်ခံပါသည်) အလွမ်းပြေရေးထားခြင်းသာဖြစ်ပါသည်...။အမှားကို အမှန်ပြင်ပြီး  ကျွန်တော်ရဲ့ထမင်းနဲပွဲ ရိုးရာအကြောင်းလေးကိုဖတ်ပြီး ပျော်ရွှင်နိုင်ကြပါစေ..။
စာဖတ်ပရိတ်သတ်အားလုံး အသိနဲ့ သတိကပ်နိုင်ကြပါစေ....။ ( ဆက်လက်ရေးသားပါဦးမည်)

                                                                               ရာဇာ (ကျေးတောသားလေး)

                                                                                14.2. 2011(တနင်္လာနေ့)

2 comments:

  1. မြန်မာ့ယဉ်ကျေးမှုလေးပါ............

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete